Monday, January 21, 2019

အောင်မြင်ဖို့အတွက် အလိုအပ်ဆုံးကဘာလဲ ?


အောင်မြင်ရေး ၊ အောင်မြင်မှု ဤစကားလုံး စကားစုလေးများကို လူသားတိုင်း လူသားတိုင်း အလိုရှိတောင့်တကြသည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ကမ္ဘာဦးအစ ပေထက်အက္ခရာ စတင်နိုင်ကတည်းက ယင်းအောင်မြင်မှုအတွက် နည်းနာနိဿများကို အစဉ်တစိုက် သုတေသနပြုလေ့လာ လက်ဆင့်ကမ်းလာကြသည်မှာ ယနေ့ မျက်မောက်ခေတ်ကာလအထိ။ သို့ဆိုပေမယ့် ယနေ့အချိန်ထိ အောင်မြင်မှုအတွက် လောက်လောက်လားလားပြစရာ တိကျသည့်နည်းနာပုံသေနည်းဟူ၍တော့ လက်ဆုပ်လက်ကိုင်မပြနိုင်ကြသေး။
အစဉ်အောင်မြင်ရေး Expert ဂုရုကြီးများကတော့ လူသားတယောက် လူပုဂ္ဂိုတယောက် အောင်မြင်တိုးတက်ရေးအတွက် အချိန်ကိုစနစ်တကျ သုံးစွဲရေး ၊ ဇွဲလုံးလ၀ီရိယရှိရေး ၊ ရည်ရွယ်ချက် ရည်မှန်းချက်ထားရှိရေး စသည်ဖြင့် အက်ကြောင်းထပ်အောင် ဓါတ်ပြားဟောင်းကြီးများကို ထပ်တလဲလဲဖွင့်ပြခဲ့ကြသည်။ သို့သော် အမှန်စင်စစ် လက်တွေ့ကမ္ဘာတွင်မူ အဆိုပါသဘောတရားများကို မလိုက်နာကြဘဲနှင့် အောင်မြင်နေကြသူ အများအပြားရှိနေကြသည်ဖြစ်ရာ ယင်းဂုရုကြီးများ၏ အောင်မြင်ရေးသဘော တရားသီအိုရီများမှာ မေးခွန်းထုတ်စရာများဖြစ်လာခဲ့ပေသည်။
ထိုသို့သော အခြေနေမျိုးတွင် အောင်မြင်ရေးဆိုင်ရာ ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစောင်ဖြစ်သည့် Success Magazine ကြီးမှ ခေတ်အောင်မြင်ရေး သဘောတရားသီအိုရီများကို စနစ်တကျသုတေသနပြုလုပ်ပြီး ရဲရဲဝံ့ဝံ့ထုဖော်တင်ပြလာခဲ့သည်။ ယင်းအောင်မြင်ရေးသဘောတရားသစ်များ (၀ါ) ခေတ်သစ်ကမ္ဘာကြီးတွင် အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအရာများမှာ –
၁– မိမိမထိန်းချုပ်မပြုပြင်နိုင်သော အခြေနေမျိုးတွင် မိမိ၏တုန့်ပြန်ဆောင်ရွက်မှုကို အကောင်းဆုံးဖြစ်အောင်ထိန်းချုပ်ပါ။
၂– သေးငယ်သောကိစ္စရပ်လေးများမှ စတင်လုပ်ဆောင်အောင်မြင်ပြီး မိမိကိုယ်အား လှုံ့ဆော်ပေးပါ။
၃– ကျဆုံးမှု ၊ ရှုံးနိမ့်မှုများမှ စနစ်တကျသင်ယူပြီး အောင်မြင်မှုဆီကို အားမန်အပြည့်ဖြင့် ပြန်လည်ချီတက်ပါ။
၎– ကြီးကြီးသေးသေး အခွင့်အရေး အခွင့်အလမ်းဟူသမျကို အမိအရ ရယူပါ။
#အောင်မြင်မှုသို့လမ်းမများစာအုပ်မှ
လင်းသိုက်ညွန့်(မြန်မာ့မြေ)

No comments:

Post a Comment